(၂) ကုသိုလ်ကောင်းမှုဆိုင်ရာကို အောက်မေ့ခြင်း၊ အမှတ်ရနေခြင်းသဘောဟာ သတိ စေတသိက်

မိမိတည်ဆောက်နေတဲ့ ကိုယ်ကျင့်တရား ကောင်းအောင် ထိန်းသိမ်းစောင့်ရှောက်နေမှုကို မပျက်စေဘဲ သတိထားခြင်း၊ လောဘတွေ ဒေါသတွေ မဖြစ်အောင် သတိထားခြင်း၊

အမှန်တရားနဲ့ ပတ်သက်ပြီး ပြောဆိုဆုံးမနေတဲ့ ပညာရှိတွေရဲ့စကားကို နားထောင်တဲ့နေရာမှာ မှတ်မိအောင် သတိထားပြီး နားထောင်ခြင်း၊

သတိထားပြီး နားထောင်ခဲ့သမျှ အကြောင်းအရာတွေကို အမှတ်ရနေခြင်းသဘောဟာ၊ အောက်မေ့ခြင်း၊ မမေ့မလျော့ခြင်းစတဲ့ စိတ်ကိုကောင်းအောင် ပံ့ပိုးပေးတဲ့ စေတသိက်ဟာ သတိအစစ်ပဲ။

(တစ်စုံတစ်ယောက်ကို အောက်မေ့တာ သတိအတု။ တစ်စုံတစ်ယောက်က ချိန်းတဲ့တစ်ခုခုကို အမှတ်ရတာ သတိအတု။

တစ်စုံတစ်ယောက်က ပြုစုတာ၊ အလေးထားတာ၊ ဂရုစိုက်တာတွေကို အမှတ်ရတာဟာ တဏှာသဘောပါတဲ့ သတိအတု။

ဒီလို သတိအတုတွေက အမှတ်အသားကောင်းတဲ့ သညာစေတသိက်သဘောထဲ ပါသွားတယ်။)

အမှတ်ရတာချင်းအတူတူ သညာစေတသိက်နဲ့ သတိစေတသိက် မတူဘူး။

(၃) စိတ်ကိုသန့်ရှင်းစင်ကြယ်အောင် တည်ဆောက်ထားတဲ့သူတွေဟာ ညစ်ပတ်ယုတ်ညံ့တဲ့ အကုသိုလ် ကိစ္စတွေကို ပြုလုပ်ရမှာ ရှက်တဲ့ ဟီရိ စေတသိက်

အသိဉာဏ်ကြီးမားအောင် အားထုတ်ထားတဲ့သူတွေဟာ အမှားမှန်းသိနေတဲ့ အကုသိုလ်ကိစ္စတွေကို ပြုလုပ်ရမှာ ရှက်ကြတယ်။

ဘာသာသာသနာရဲ့ ဂုဏ်သိက္ခာ၊ လူ့အသိုင်းအ၀ိုင်းရဲ့ ဂုဏ်သိက္ခာ၊ မိဘမျိုးရိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သူတွေဟာ သာသနာ့ ဂုဏ်သိက္ခာ၊ လူ့ဂုဏ်သိက္ခာ၊ မိဘဂုဏ်သိက္ခာကို ထိခိုက်မယ့် အလုပ်ဆိုရင် ဘာ့ကြောင့်ပဲဖြစ်ဖြစ် ပြုလုပ်ရမှာ ရှက်ကြတယ်။

ဒါဟာ ရှက်ခြင်းအစစ် ဟီရိ စေတသိက်

ရှက်ခြင်းအတုက လူရှေ့ထွက်ပြီး ကိုယ်မသိတာကို မသိဘူးပြောရမှာ ရှက်နေတာမျိုးဟာ ဟီရိအတု၊

မသိလို့ မေးချင်တဲ့နေရာမှာ ကိုယ်မသိတာကို သူများရှေ့မှာ မေးရတာ ရှက်နေတာမျိုးဟာ ရှက်ခြင်းအတု၊

ယောက်ျားနဲ့ မိန်းမ စတွေ့တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ရှက်နေတာမျိုးက ရှက်ခြင်းအတု။

မရှက်ရမယ့် ကိစ္စတွေမှာ

(၁) ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် ရောင်းဝယ်ဖောက်ကားတဲ့နေရာမှာ ပြောစရာရှိတာ ပြော၊ ဆိုစရာ ရှိတာဆို။

အဲဒီ နေရာမျိုးမှာ မရှက်သင့်ဘူး။

(၂) တတ်ချင်၊ သိချင်တာကို သင်ကြားပေးတဲ့ ဆရာ့ဆီမှာ ပညာယူတဲ့အခါ မေးစရာရှိတာမေး။ အဲဒီနေရာမျိုးမှာ မရှက်သင့်ဘူး။

(၃) အစာစားတဲ့နေရာမှာ ဟိုလူ မြင်မှာစိုးလို့၊ ဒီလူ ကြည့်နေမှာ စိုးလို့ဆိုပြီး အရှက်လွန်နေတာမျိုး မဖြစ်သင့်ဘူး။

(၄) လင်နဲ့မယား အချင်းချင်း ရင်းနှီး ချစ်ခင် ပျော်ရွှင်နေတဲ့အချိန်တွေမှာ မရှက်သင့်ဘူး။

ဒီလေးခုနဲ့ပတ်သက်ပြီး လုပ်သင့် မလုပ်သင့်၊ ကုသိုလ်ဖြစ်တယ်၊ မဖြစ်ဘူးကို ဆိုလိုတာ မဟုတ်ဘူး။

မိမိအတွက် အကျိုးရှိမယ့် အရာမှာ မရှက်သင့်ဘူးလို့ ဆိုလိုတာ။