• ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ

ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြကုန်၏။

မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့တဲ့။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ နောက်ဆုံး မိန့်ကြားတော်မူခဲ့တဲ့ စကားတော်တဲ့။

(တိပိဋကစရ ဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာ ပဏ္ဍိတ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရဘိဝံသ ရေးသားတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ ၄၈၂ မှာ ဖော်ပြထားပါတယ်။)

  • ဟန္ဒ! ဒါနိဘိက္ခဝေ! အာမန္တယာမိဝေါ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ

ရဟန်းတို့! ဟော! ယခု ဆရာဘုရားက သင်တို့အား မှာထား အမိန့်ရှိခဲ့မည်။

သင်္ခါရတို့သည် ပျက်ကြသည်ချည်းပင်၊

မမေ့မှု=အမှတ်ရမှု=သတိဖြင့် သီလ၊သမာဓိ၊ပညာကို ပြီးစေရစ်ကြရမည်” ဟု

နောက်ဆုံး မိန့်မှာခဲ့သော အဆုံးအမတော်လို့

(ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ ၀ိပဿနာရှုနည်းကျမ်း ပထမတွဲ စာမျက်နှာ (က) မှာ ဖော်ပြထားပါတယ်။)

ဒုက္ခများတဲ့လူတွေအတွက် မြတ်စွာဘုရားအနေနဲ့

မှာမယ်ဆိုရင် မှာခဲ့စရာ စကားတော်တွေ အများကြီး ရှိနိုင်တယ်။

ဒါပေမယ့်

မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့!

မမေ့မှု = အမှတ်ရမှု = သတိဖြင့် သီလ၊ သမာဓိ၊ ပညာကို ပြီးစေရစ်ကြ! ဆိုတဲ့

စကားတော်ကိုပဲ အဓိကထားပြီး မိန့်မှာကြားခဲ့တယ်ဆိုတော့ ဒီစကားတော်ထဲမှာ

ခန္ဓာကိုယ်ရှိတဲ့ လူသားတွေရဲ့ သတိမရှိမှုကြောင့်၊

ဖြစ်ပေါ်နေတဲ့ ဒုက္ခပေါင်းများစွာတွေထဲက လွတ်မြောက်ကြောင်း အဆုံးအမတွေ ပါနေမှာ သေချာတယ်။

သိစရာရှိတာတွေကို အကြွင်းအကျန်မရှိ ကိုယ်တော်တိုင် ဆရာမလို၊ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီး သိတော်မူတယ်ဆိုတဲ့ အသိဉာဏ်တော်တွေထဲမှာ

သတိဉာဏ်က အရေးအကြီးဆုံး၊

အထိရောက်ဆုံး၊

အလိုအပ်ဆုံးအနေနဲ့ ပါဝင်နေတာ သေချာတယ်။

ဘုရားအဖြစ်ကို ရောက်ရှိတော်မူတဲ့ အကြောင်းအရာပေါင်းများစွာထဲမှာ သတိစိတ်ကို အဓိက အသုံးချပြီး အားထုတ်ခဲ့တာ သေချာနေတယ်။

ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးတဲ့နောက်

ဘုရားအဖြစ်နဲ့ သက်တော်ထင်ရှား ရှိခဲ့တဲ့ (၄၅) ၀ါလုံးလုံး ဟောကြားခဲ့တဲ့

တရားတော် အားလုံးဟာလည်း သတိစေတသိက်ရဲ့

အရေးကြီးတာတွေ အဓိက ပါဝင်နေတယ်။

သိစရာရှိတာတွေကို သိနိုင်ဖို့ သတိထားရမယ်။

သတိရှိရင် အသိရှိမှုလည်း ကြီးမားလာမယ်။

သတိဆိုတဲ့ အဓိပ္ပာယ်ဟာ မမေ့တာ၊ အမှတ်ရတာဆိုတော့ သညာစေတသိက်ရဲ့ သဘောနဲ့မတူ တာကို ကွဲကွဲပြားပြား သိဖို့လိုမယ်။